Thursday 28 April 2011

ရည်ညွန်းအပ်သောအကျိုးနှင့်မဏာမ

ဤကမ္ဘာလောကကြီး၌ သက်ရှိသတ္တ၀ါမှန်သမျှတွင် ဖြစ်ပေါ်နေသည့် အဆုံးမရှိ လိုချင်တပ်မက်နေသော လောဘတဏှာ အမိုက်မှောင်၊ ထိုလောဘတဏှာအမိုက်မှောင်က ရှေ့ဆောင်လမ်းပြရာသို့ လိုက်ပါလျှက် အနိုင်အထက် နှိပ်စက်ညှင်းပမ်းမှုကို ပြုစေဖြစ်စေတတ်သော ဒေါသအမိုက်မှောင်၊ ထိုလောဘဒေါသအမိုက်မှောင် ကြီးနှစ်ခု၏ ဆိုးဝါးလှစွာသော အာနိသင်တို့၏ အနက်အဓိပ္ပါယ်ကို ဖုံးအုပ်ကွယ်အုပ်ထားသည့် မောဟအမိုက်မှောင်ဟူ၍ အမိုက်မှောင်ကြီး သုံးခုတို့သည် အစဉ်သဖြင့်

လူသတ္တ၀ါ မှန်သမျှတို့အား ဦးစီးရှေ့ဆောင်ပြီးလျှင် နေခဲ့ကြ၏။

ထိုသို့နေခဲ့သော နှစ်ပရိစ္ဆေဒအကြား၌ မရေတွင်နိုင်သော အကြင်သို့သော လူသတ္တ၀ါနှင့် ရေမြေတော တောင်စသော သက်ရှိသက်မဲ့ဟူသမျှတို့၏ ဖြစ်ပျက်သောအစဉ်အလာ ရုပ် တရား၊ နာမ်တရား နှစ်ပါးကား ပူလောင်ပြင်းပြစွာခံစားရသော ဒုက္ခအစစ်အမှန်တွေသာဖြစ်သည် ဟူသော ဒုက္ခသစ္စာ၊ ထိုဒုက္ခသစ္စာ တို့ကိုပင် အစဉ်မပြတ် အမြင်မပြတ်ရအောင် တွယ်တာတပ်မက်နှစ်သက် မက်မောနေခြင်းဟူသည်ကား သမုဒယသစ္စာ၊ ယင်းသမုဒယသစ္စာဟူသော တဏှာအကြောင်းအရင်ဖြင့် မခွဲမခွာဖြစ်ပေါ်လာသော ဒုက္ခသစ္စာ၊ ထိုသစ္စာနှစ်ပါးမှ ကင်းကွာလွတ်မြောက်ရာဌာန အစစ်အမှန်တရားအဖြစ် တည်မြဲနေသည့် နီရောဓသစ္စာ၊ ဤနိရောဓသစ္စာတို့ ထုတ်ချင်းထွက်းဖောက် ရောက်နိုင် မြင်နိုင်သော ထွန်းလင်းတောက်ပသည့် အမြင့်မြတ်သော အရိယာမဂ္ဂအသိဥာဏ်ဟူသည့် မဂ္ဂသစ္စာဟူ၍ သစ္စာတရားလေးပါး ပေါ်ပေါက်ခဲ့ပြီ။

ကမ္ဘာလောက အတွင် သက်ရှိ သတ္တာဝါမှန်သမျှ၏သဏ္ဍာန်တွင် ခိုအောင်းပိတ်ဖုံးနေသည့် ဖော်ပြခဲ့ပြီးသော လောဘ၊ ဒေါသ၊ မောဟ အမိုက် မှောင်ကြီးသုံးခု၏ အစွမ်းကုန်တန်ခိုးပြမှုအတွက် လူသတ္တ၀ါတို့ အတုံးအရုံးသေဆုံးပျက်စီးမှု၊ ပူလောင်ပြင်းပြစွာ နှလုံးကြွေကွဲမှုများနှင့် ၎င်းတို့မှ ဆက်သွယ်၍ အခိုးအလျှံတို့ တထောင်းထောင်းထကြွနေပြီးလျှင် သေရအံ့သော အရိပ်လက္ခဏာတို့ကို ထင်ယောက်မြင်ယောက် ရှိနေကြသည်။

ဤသို့လျှင်ဖုံးလွှမ်းသိုဝှက်သော အမိုက်မှောင်ကြီး သုံးပါးအားပြင်းပြထက်မြတ်တောက်ပလှသော ဖော်ပြခဲ့သည့် သစ္စာလေးပါးအလင်းရောင်ခြည်ဖြင့် ကမ္ဘာလောကကြီး၏ အမြင့်မြတ်ဆုံးရောင်ခြေကို ဗုဒ္ဓရှင်တော်ဘုရားကို၎င်း၊ ထိုထွန်းလင်းတောက်ပစေခဲ့သည် အလင်းရောင်ခြည်ကြီး ထွန်းလင်းတောက်ပသည်ကို တပ်အပ်ထင်ထင် မြင်စေမူရာ တရားတော်မြတ်အစုကို၎င်း၊ ထိုတရားမြတ်တို့ကိုနှစ်ကာလပေါင်းများစွာ ကျွန်ုပ်နှင့်တကွ ကမ္ဘာသူ- သားသတ္တ၀ါဟူသမျှတို့ အကျိုးငှါ နှစ်ပေါင်း ၂၅၀၀ ခန့်တိုင်တိုင် ထိန်းသိမ်းထားနိုင်ခဲ့သော သံဃာတော် အရှင်မြတ်တို့အား၎င်း၊ ကျွန်ုပ်သည် ဦးညွတ်ရိုကျိုးရှိခိုးပါ၏။

ကျွန်ုပ်၏ ဦးညွတ်ရှိခိုးအပ်သော ဤသည်ကောင်းမှုအာနိသင်သည် ဤယခု ပြုစုရေးသားလတ္တံ့သော ( ဆရာတော်အရှင် ဦးဥတ္တမ) စာစောင်၌တည့်တံ့နေပြီးလျှင် ကမ္ဘာသူ/ သားများအဖို့ ရင့်သန်သော ပညာဥာဏ်အလင်းရောင်ခြည်ကို ပေးကမ်းဆောင်နိုင်သည် ဖြစ်ပါစေတည်း။ ကမ္ဘာလုံး မျှော်လင့်တောင်းတသော ငြိမ်းချမ်းရေးကြီး တည်မြဲပါစေသတည်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟူသော ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ ဖြစ်သော ဤတိုင်းပြည်သည် အကျယ်အ၀န်းပမာဏ၊ လူဦးရေပမာဏအားဖြင့် ပည်မျှသေးငယ်သည်ဟု ဆိုရစေကာမူ ကြီးမားကျယ်ပြန့်သော တိုင်းပြည်ကြီးမှန်သမျှတို့က လွတ်လပ်၍ အချုပ်အချယ်မရှိ လက်အောက်ခံတိုင်းပြည်တစ်ခုမဟုတ်။

ငါတို့နှင့် ဂုဏ်ရည်တူတိုင်းည်ြတစ်ခုဟု အသိမှတ်ပြုရပေပြီး။

သေငယ်သောတိုင်းပြည်တစ်ခုဖြစ်သည်ဟု ဆိုရသော်လည်း အခြားခြားသော ကမ္ဘာတိုင်းပြည်ဟူသမျှ၏ အကျိုးစီးပွားကိုပင် စွမ်းအားရှိသမျှ ဆောင်ရွက်သယ်ပိုးနိုင်သော တိုင်းပြည်တစ်ပြည်အဖြစ် ခေါင်းထောင်၍ မြော်ခေါ်နိုင်သောအခြေသို့ ဆိုက်ရောက်ခဲ့လေပြီ။

ဤအခြေအနေသို့ရောက်ရှိ တက်လှမ်းနိုင်ခဲ့သည်ဟူ၍ မိမိတို့ပြည်၏ ဂုဏ်အင်္ဂါအကျိုးကျေးဇူးကို မြော်ခေါ်သိစွမ်းနိုင်သော မည်သည့်တိုင်းရင်းသားတစ်ဦးတစ်ယောက်၏ အသိဥာဏ်အတွင်းမှာ ပင်ဖြစ်စေ ပညာဥာဏ်နှင့် အမြော်အမြင်ကြီးမားပြီး စွန့်စွန့်စားစားနှင့် သူ၏တသက်တာလူ့ဘ၀ကို တိုင်းပြည်နှင့်တကွ တိုင်းသူပြည်သားများ၏အကျိုးငှါ အသုံးချသွားခဲ့သော ဆရာတော်ဦးဥတ္တမ၏ ဂုဏ်နှင့် ကျေးဇူးသဘောတရားများကင်းကွာပြီး တည်နေခဲ့မည်မဟုတ်ပါ။

သို့ရာတွင်မည်သည့်နည်းနှင့်မျှ ဆရာတော်ဦးဥတ္တမ၏ ဂုဏ်တော်၊ ကျေးဇူးတော်ဟူသမျှကို ကျွန်ုပ်တို့ တိုင်းရင်းသားဟူသော အသိဥာဏ်၏ ဥပစာအတွင်းမှ ပျောက်ပျက်တိမ်မြုပ်၍ မသွားစေခြင်းငှာ ဆရာတော်၏ ဘ၀ဖြစ်စဉ်ဆိုအပ်သော ထေရုပ္ပတ္တိ ဤစာစောင်သည်လည်း ပေါ်ပေါက်တည်ရှိအပ်သည် မဟုတ်ပါလော။